Saturday, May 23, 2009

ဆရာအို

*****

ကျောင်းဆရာ ဘဝ
မြို့ပြရဲ့ မျက်နှာဖုံး
တနယ်လုံး အသိ
ဂုဏ်အပြည့် သိက္ခာအပြည့်
အိမ်ယာလည်း အတိအကျရှိတယ်---။

ဆရာရယ် ဆရာကြီးရယ်နဲ့
နံမည်အသွယ်သွယ် ခေါ်ခံရ
ချာချာလည်အောင် ဝိုင်းကြ သိုင်းကြတော့
အနန္ဒ ဂုဏ်အင်
ဆရာသခင်လို့ သူ့ထက်ငါ ဂါရဝတွေနဲ့
ဝမ်းသာစရာ့ ကာလတွေ ပါ့---။

ဆရာ ဆရာနဲ့
တစ်ဆရာထဲ ဆရာကြ
တောကရော မြို့ကပါ
လာလိုက်ကြတာ လာလိုက်ကြတာ
တပည့်တပန်းတွေကို ဧည့်ခံရ
အနားလေးမှ မယူရဘူး
ကံထူး လိုက်ပုံကများ
အပြုံးရိပ် တဝေဝေကွဲ့
အုန်းတွေ ငှက်ပျောတွေနဲ့ ကန်တော့ကြ
တယ် ကြက်သရေရှိလှတာ ကို---။

ပင်စင်ယူ ဇရာကျလေတော့
ဆရာအိုဘဝ ဝမ်းမဝရေစာ
ကျောင်းဆရာမောင်နှံ နှစ်ဖြာမှာ
အိမ်ယာလေး ရောင်း
ထန်းလက်တဲလေး ပြောင်းနေရ
တပည့်တွေက ကြက်ပျောက် ငှက်ပျောက်
ပျောက်ကုန်ကြရော့---
လောကရဲ့ ဓမ္မတာပေပဲ
ဆရာလည်း မခေါ်ချင်
ဆရာလည်း မတော်ချင်ကြဘူးလေ
ဆရာအိုဘဝ သံဝေဂ တရရနဲ့---။

တစ်နေ့က ဝါအဝင်
ဆရာဝန် နဲ့ ဆရာဝန်မ
တပည့် နဲ့ တပည့်မပေါ့
အိမ်ရှေ့မှာ ကားလာရပ်တော့
ကား လှလှလေးပေါ်က ဆင်း
ခြင်းတွေ တခြင်းပြီး တခြင်းချ
အော်--ကန်တော့လာကြ ထင်ရဲ့
တယ် တော်တဲ့ တပည့် နဲ့ တပည့်မ
တပည့် နဲ့ တပည့်မ---။

သူတို့ ဂုဏ် မသိန်ရအောင်
ဆရာအို ပုဆိုးကို အိမ်ထဲ ကဗျာကယာဝင်လဲ
တဲကုတ်ရှေ့က ဆီးကြိုဘို့ စောင့်နေဆဲ
ဟို ဘက်လမ်းထဲ ချိုးဝင်သွားတယ်--ကွယ်---။

ရင်ထဲမှာ ကျင်ခနဲ ကျင်ခနဲ ခံစား
ဝမ်းနည်းခြင်းများစွာရဲ့ အပြုံးများနဲ့
ဆရာအို ကိုယ့်တရား ကိုယ်ရှု့
သာဓု--သာဓု--သာဓုပါ ကွယ်ရို့---။ ။

သန်းစိန်

No comments:

Post a Comment