Sunday, May 31, 2009

တားပါရစေ-ခင်

*************

ညညဆို ကိုယ့်ရင်ထဲ
သူအမြဲ လာတယ်
ဘယ်ရပ်ကယ် ဘယ်ရွာကမသိ---။

သူလာလာ ကလိတော့
နေမထိ ထိုင်မသာ
အိပ်ရတာ ဘယ်ပျော်ပါ့မလဲ---။

ဟိုဒင်း ဟိုကဗျာတဲ့
ဘယ်လင်္ကာ ဘာရသ
ဘယ်ဂိုဏ်က ဘာနဲ့
ဖန်ခါခါ ထပ်ခါထပ်ခါ ပြောပြန်တော့
စိတ်ဆိုးဟန် တမင်ဆောင်လည်း
သန်းခေါင်လွဲတောင် သူမပြန်
နှင်ရန်က ခက်ပါဘိ---။

အို--တစ်မိခင်ရယ်
နှိပ်စက်မယ်လို့ ကြံရော့သလား
အိပ်ပျက်တွေ အတန်တန်များပြီမှို့
တားပရစေတော့ ခင်ရယ်---။

ကြာကြာလာလျှင်
စေတနာတွေ တိုး
ဝေဒနာတွေ ပျိုးပျိုးပြီး
ကဗျာတွေ ညှိုးမှာစိုးတယ်ကွယ်
ခင်ရယ်--နောက်မလာပါနဲ့နော်---။ ။

သန်းစိန်

Read More...

Saturday, May 23, 2009

ကျားရဲသို့

*********









ကျားရဲကြီး တစ်ကောင်
ကျားပေါက်တွေ ရာထောင်နဲ့
ခြင်္သေ့အကောင်တွေ ဘယ်လိုသရမ်းသရမ်း
ဆင်အုပ်တောင် မိအောင်ဖမ်းမယ့်ကျား---။

ထောင်မင်းသား ဝတ်စုံကိုမပယ်
ထောင်ထဲမယ် နှစ်နှစ်ဆယ်ကျ
ထောင်ဘူးဝ ရောက်မှ ပြန်ဖမ်းခံရသေး---။

ဟေး---အကျဉ်းထောင်
အပျင်းတောင် ပြေသေး
နှစ်နှစ်ဆယ် လေးများ
ကလေး ကစားစရာ
ဆွေမျိုးတွေရွာ အလယ်သွားရတာကျလို့---။

နှစ်နှစ်ရာ ပြန်ကြပစေ
ပြည်သူတွေရဲ့ လွတ်မြောက်ရာရှာ
ပြည်သူ့ခေါင်းဆောင်ကို လာအားပေး
ဒီမီုကရေစီ ရေး
တိုင်းရင်းသား ရေး
အရေးရေးတွေကို လမ်းပြလို့ပေး
အေးအေး ဆေးဆေး
ထောင်နံဘေး
ငှက်ပျောသီးတောင် စားနေလိုက်သေး
ပြည်သူတွေ ဝိုင်းဝန်းအားပေးကြပါခင်များ---။

သန်းစိန်

Read More...

အလင်းကြိုတေး

**************

သောက်တော် ရေချမ်း
သစ်သီး ဆွမ်းနှင့်---။

နံ့သာ မွှေးထုံ
ဆီမီး စုံနှင့်---။

တံခွန် ကုက္ကား
မလေးပွား နှင့်---။

ဘုရား ဝတ်ပြု
နေ့စဉ်မှု လို
ကြေးစည်ကို ထု
ကုသိုလ် ယူစေ
အမျှ ဝေ၏---။

အို--မိမိ
မင်္ဂလာကြက်သရေ အပြည့်---။

ကိုယ့်ရင်တွင်းမှာ ပီတိဖြာ
စမ်းချောင်းတရာ
စီးဆင်းကာသွား
ကဗျာ စန္ဒယား တီးခတ်
အသံလှိုင်း အတက် အဆင်းကို မှတ်သား
အလင်းကြို တေးများ
ရေးသား မိချေပြီတကား---။ ။

သန်းစိန်

Read More...

ဆရာအို

*****

ကျောင်းဆရာ ဘဝ
မြို့ပြရဲ့ မျက်နှာဖုံး
တနယ်လုံး အသိ
ဂုဏ်အပြည့် သိက္ခာအပြည့်
အိမ်ယာလည်း အတိအကျရှိတယ်---။

ဆရာရယ် ဆရာကြီးရယ်နဲ့
နံမည်အသွယ်သွယ် ခေါ်ခံရ
ချာချာလည်အောင် ဝိုင်းကြ သိုင်းကြတော့
အနန္ဒ ဂုဏ်အင်
ဆရာသခင်လို့ သူ့ထက်ငါ ဂါရဝတွေနဲ့
ဝမ်းသာစရာ့ ကာလတွေ ပါ့---။

ဆရာ ဆရာနဲ့
တစ်ဆရာထဲ ဆရာကြ
တောကရော မြို့ကပါ
လာလိုက်ကြတာ လာလိုက်ကြတာ
တပည့်တပန်းတွေကို ဧည့်ခံရ
အနားလေးမှ မယူရဘူး
ကံထူး လိုက်ပုံကများ
အပြုံးရိပ် တဝေဝေကွဲ့
အုန်းတွေ ငှက်ပျောတွေနဲ့ ကန်တော့ကြ
တယ် ကြက်သရေရှိလှတာ ကို---။

ပင်စင်ယူ ဇရာကျလေတော့
ဆရာအိုဘဝ ဝမ်းမဝရေစာ
ကျောင်းဆရာမောင်နှံ နှစ်ဖြာမှာ
အိမ်ယာလေး ရောင်း
ထန်းလက်တဲလေး ပြောင်းနေရ
တပည့်တွေက ကြက်ပျောက် ငှက်ပျောက်
ပျောက်ကုန်ကြရော့---
လောကရဲ့ ဓမ္မတာပေပဲ
ဆရာလည်း မခေါ်ချင်
ဆရာလည်း မတော်ချင်ကြဘူးလေ
ဆရာအိုဘဝ သံဝေဂ တရရနဲ့---။

တစ်နေ့က ဝါအဝင်
ဆရာဝန် နဲ့ ဆရာဝန်မ
တပည့် နဲ့ တပည့်မပေါ့
အိမ်ရှေ့မှာ ကားလာရပ်တော့
ကား လှလှလေးပေါ်က ဆင်း
ခြင်းတွေ တခြင်းပြီး တခြင်းချ
အော်--ကန်တော့လာကြ ထင်ရဲ့
တယ် တော်တဲ့ တပည့် နဲ့ တပည့်မ
တပည့် နဲ့ တပည့်မ---။

သူတို့ ဂုဏ် မသိန်ရအောင်
ဆရာအို ပုဆိုးကို အိမ်ထဲ ကဗျာကယာဝင်လဲ
တဲကုတ်ရှေ့က ဆီးကြိုဘို့ စောင့်နေဆဲ
ဟို ဘက်လမ်းထဲ ချိုးဝင်သွားတယ်--ကွယ်---။

ရင်ထဲမှာ ကျင်ခနဲ ကျင်ခနဲ ခံစား
ဝမ်းနည်းခြင်းများစွာရဲ့ အပြုံးများနဲ့
ဆရာအို ကိုယ့်တရား ကိုယ်ရှု့
သာဓု--သာဓု--သာဓုပါ ကွယ်ရို့---။ ။

သန်းစိန်

Read More...

ချစ်ဇနီးသို့

******

အချစ်ကြီးပေမယ့်
တနှစ် နီးရမယ် နီးရမယ်နဲ့
အနှစ် နှစ်ဆယ်ကွယ့် အချစ်ရဲ့---။

တသက် ဝေးတောင်
တမနက် လေးတောင်မှ မေ့မရ
ရတက် မအေးလှပါလား ကွယ်---။

အချစ်ဦး ပေမှို့
ရူးတယ်လို့ ဆိုချင်ဆို
သံယောဇဉ် ကိုက ဖြတ်မရသေး
အမှတ်တရလေးတွေ တမင် တွေးတွေးပြီး
အဝေးက ဆွေးပါဘိ
အချစ်ရယ် ပြေးသာလာချင်မိ---။

အေးလေ---
သားသမီးတွေနဲ့ ပျော်ပါစေ--
ကိုယ်ခေါ်နေ သူ အလာခက်ရချည့်
တော်ကြာနေ ကိုယ်ပြန်မည့်အရေး
မဝေးဘူး မဝေးဘူးလို့ မှန်းကာတွေး
လွမ်းစရာလေးတွေနဲ့ တမြေစီခြား
(အချစ်ရေ)
ရွှင်လန်း---ရွှင်လန်း ချမ်းမြေ့ပါစေသား---။ ။

သန်းစိန်

Read More...

တရားခံ

*****

ဟေ့---ပုလင်း

မင်းကြောင့်---

ဒင်းနဲ့ ကွဲတာ---။ ။


သန်းစိန်
(ငမြတ်စံရဲ့ အတိုဆုံး သုံးကြောင်းကဗျာ)

Read More...

ရွာသို့ တခေါက်

*********

ခြူသံကလေး တလွင်လွင်
လှည်းယဉ်နဲ့ ရွာကိုပြေး---။

ထန်းရိပ်ညို တမာတောနဲ့
မန်ကျီး ကုက္ကို ထနောင်းပင် နှောပါတဲ့
ဇီး သရက်ချို ငှက်ပျောတွေ ပေါပေသကွဲ့
တောကျကျ ရွာကလေး---။

လမ်းတခွင်
လှမ်းမြင်သူ မိတ်အပေါင်းက
နေကောင်းလား မေး---။

ရွာဝင်က ကန်ရေပြင်
စိမ်းလဲ့လဲ့ ကြည်ကြည်လင်
ဗေဒါပင် လှုပ်လှုပ်ဘေး
ဗျိုင်းအုပ်က ဖွေး---။

နွားကျောင်းသား ကိုလူပျို
ပုလွေတို ကြူသံပေး
လွမ်းချင်ဖွယ့် တေး--။

လှပျိုဖြူ ညိုပြာညက်
ပါးပေါ်မှာ ပါးကွက်ကလေးနဲ့
ရှက်တတ်ချေ သေး---။

အိမ်ရောက်တော့ အမေအို
ဆီးတဲ့လို့ ကြို
မျက်နှာပေး ချိုချိုနဲ့
တဘက်ကလေး ကပိုကယိုနဲ့
သားမောင်ကို ရေချိုပေး
့ အေးပါဘိ---လေး။ ။

သန်းစိန်

Read More...

မျှော်တော်ယောင် အရက်သမား

*******************

မိုးစုံးစုံးချုပ်နေပြီ
ဘာလုပ် နေလည်းကွာ
ခုထိ ပြန်မလာ သေး
ခွေး---မ
ခွေး----မ---။

တောက်----
ခိုင်းလိုက်ရ
ဘာတခုမှ စိတ်မချ ရဘူး---။

ဟူးးးးးးးးးးးးးး---။

ရှောက်ပင်ကွေ့
နောက်လင်နဲ့ တွေ့နေလားမသိ---။

ညိ တော့လား---။

အေးလေ--
ကလိမ်ခြုံ နံဘေး
ထမီခြုံ ကွေးချင် ကွေးနေမှာ---။

မြန်မြန် လာ
မြန်မြန် ပြန်လာ---။

၂ခါ ၃ခါ
၂ခါ ၃ခါဗျာ
မှာလိုက်တာ အထပ်ထပ်---။

အင်း----
ဒင်း--တော့လား
ပုလင်း မပါ
သေဘို့သာ ပြင်ရော့---။

ဝေါ့--
ဝေါ့----
ဝေါ-----။

(အံချလိုက်တယ်----။)

ဘုရား---
ဘုရား---
ဘုရား-------။ ။

သန်းစိန်

Read More...

နွေဘွဲ့ (ရတု)

********

နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။

လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။

ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။

သန်းစိန်

Read More...

တုန်လှုပ်မိပါပြီ

*********

ပင်ချင်းရယ် ဆိုင်
အင်ကြင်းမြိုင် ဟိုအကွေ့ကို
သူခေါ်၍ လိုက်ခဲ့တယ်---။

တောအဝင်
ကျောခြင်တွေ ချမ်းပါဘိ
သုဘဒ္ဒါ ဇာတ်လမ်း
စိတ်မှန်းနဲ့ မြင်
အို--ပြန်ချင်တယ်လေ့---။

အင်ကြင်းငုံ
လေပြင်းဟုန် လာအလှုပ်မှာ
ခါချင် တုပ်တယ်လို့
မာယာလုပ် အကွက်ဆင်
စွဲချက်တင်လျှင်ဖြင့် မခက်လား---။

ဆင် ဆဒ္ဒန် အစွယ်ရှိပေလို့
သင် မြတ်စံ အစွယ်မရှိလေတော့
ရှိတာသာ ဖြတ်ကာပေးရလျှင်
ခွေးစွယ်တောင် တုံးတိ---။ ။

သန်းစိန်

Read More...

အကျဉ်းတန်

********

ဒီနေ့
ကဗျာရွာတွေကို လျှောက်လည်တယ်
ကဗျာဆရာတွေရဲ့ ကဗျာဟာ
သိပ်ကို ကဗျာ ဆန်ကြတယ်ဗျာ---။

နိမိတ်ပုံ ရသမ်တွေ လွှမ်းပြန်တော့
ဆန်း သမျှ အဆန်း
လန်း သမှ လန်း
ရောင်စုံပန်းသို့ အလှဝေ---။

ကဗျာဆရာတွေလည်း
ကဗျာတွေလိုပဲ
ကဗျာဆန်ကြမှာပဲ လေ---။

ကဗျာတွေ လှတော့
ကဗျာဆရာတွေလည်း လှကြပေမယ်ပေါ့---။

ဟော--ဒီက(ငမြတ်စံ)
အကျဉ်းတန်ရတာက
ရှေးဟောင်းစာ ကြေး ပုရပိုဒ်
မကျီးမှဲ့နဲ့ တိုက်သလို
ဝင်းလာလို လက်လာငြား
ခွေး တံဆိပ် ဓာတ်ပြား
ဖွင့်မိလျှက်သား ကို---။

သန်းစိန်
(မကျီး=မန်ကျီး)

Read More...

ချိုလိမ်

****
ယောင်္ကျားက ပန်းရံလုပ်
မိန်းမက အုတ်သယ်
နားရတယ် ရှိဘူး---။

ကလေးငယ် သူ့အဖွားနဲ့
ထားခဲ့တယ် တနေကုန်ပါ့
လမှ လကူး---။

မြေးဦးမှို့ ချစ်ရှာတယ်
လမင်းနှယ် ကြည်နူး
ကလေးငယ် ဘူးမှုတ်လို့မြူး---။

ရှူးရှူးတွေ စိုကာရွှဲလေမှ
တဝဲဝဲ ငိုရှာ
ချိုဆာလောက်ပြီ လေ့---။

အဖွားအို နို့ပိန်က ချပ်ချပ်
ကလေးပါးစပ် ခွံ့ကာတတ်ပါလို့
ငယ်မူအကျင့် တေးဆိုကာ
ချော့ရှာပေါ့ မြေး---။

ရွှေလမှာ ယုံဝပ်လို့
ဆန်ဖွတ်သည့် အဖိုးအို
ခိုဖြူ ခိုပြာနက်ကယ်
ဖမ်းခက်လှလေး---။

စို့လေ ကလေးရဲ့ စို့စို့
နို့ချိုတိုက် ကျွေး---။

မျက်လုံးရယ် ကြောင်တောင်တောင်နဲ့
ဖါးကောင်က သေး
တိတ်တော့ကွယ့် လေး---။

အို အိုး အို့ အေး---။

စို့ကွဲ့ ကလေးရဲ့စို့စို့
ဝအောင်စို့လေ---။

ကြောင်အိုပေမှေး
ကိုက်ပါနဲ့လေး
အဖွား မြေး---။

အို အိုး အို့ အေး---။

အိပ်တော့ကွယ့် လေး---။ ။

သန်းစိန်

Read More...

မွေးနေ့

*****

ကဆုန် လဆန်း (၃)ရက်
မနက်ခင်း
ဝေလီ ဝေလင်း
အမေဟာ ဗိုက်ကြောတင်းလို့
အခင်းလေးသွားဘို့ အိမ်အောက်ဆင်း
ကျွန်တော့ ကိုမွေးဖွားခြင်းဖြစ်တယ်---။

ဟာ--မြေတလင်းမှာပါလား
သားလေးကွ သားလေး
အဖေက ဆန်ကောလေးပြေးယူ
ပုဆိုးစုတ် ထူထူနဲ့ ထွေးနေဆဲ
အူဝဲလို့ ကြွေးကြော်
ကျွန်တော် လူ့ပြည်ပေါ်ရောက်ခဲ့တာပေါ့။ ။

ဝန်ခံချက်။ ။မွေးနေ့တုန်းက မိတ်ဆွေများထံ သတင်းပေးရန်ရေးခဲ့ပါသည်။
ပြန်စဉ်းစားတော့ သတင်းပေးလျှင်ပုလင်းပါပေးရမည်ဖြစ်၏။
ပုလင်းကြေး မတတ်နိုင်းသေးလို့ ရက်ခပ်ဝေးဝေးခြားပြီး ဒီပို့စ်ကိုယခုမှ တင်လိုက်ရပါကြောင်း။

သန်းစိန်

Read More...

တောသူ

************











တောသူမ မိနှင်းဝေ
ထင်းခွေရာ ဆူးခက်ညိလေတော့
လုံချည်မှာ ဒူးထက်ထိ ပြဲ---။

အိမ်ပြန် ရောက်အောင်ပါ့
ကြောင်လေးလို လမ်းကိုလျှောက်ရတယ်
သူလည်း ဘယ် ခေတ်နောက်ကျ မလဲ---။ ။

သန်းစိန်

Read More...

အမေ့ရွာ

******

အမေ့ရွာ
သာပေစွ ရှုခင်း။

နေညိုညို
မေပျိုတွေ ရေချိုခပ်ချိန်မှို့
ကန်စပ် ကိုဆင်း---။

အမေ့ရွာ
သာပေစွ ရှုခင်း။

နေညိုညို
ကိုလူပျို ပြွေတို မှုတ်ပါလို့
နွားအုပ် ကိုသွင်း---။ ။

သန်းစိန်

Read More...

ဒို့များအသဲ နီဆဲပင်

*****************







နွေကလည်း နွေ
ပူပါစေ ပေါ့
ဆယ်နေ ကဲချင် ကဲလိုက်ဦး---။

မိုးခါလည်း မိုး
ရွာစွေဖြိုး လို့
မိုးကြိုး ထစ်ဟီးလို့
မိုးသီးကြီးတွေ ကြွေလိုက်ဦး---။

ဆောင်းခါလည်း ဆောင်း
နှင်းကြွေညောင်း လို့
လေပြေလောင်းချင် လောင်းလိုက်ဦး---။

နွေကို အံတု
မိုးမမှု ဘဲ
ဆောင်းလည်း မကြောက်
ဒို့နှစ်ယောက် သည်
ခမောက် အတူ ဆောင်းခဲ့ပြီ---။

ယခုတမူ
သူကား အရှေ့
ကိုယ်ကား အနောက်
တစ်ယောက် တစ်လွဲ
ဒေသကွဲ လည်း
ဒို့များအသဲ နီဆဲပင်---။ ။

(ပန်းစကားမဂ္ဂဇင်း အမှတ်-၁၆)
သန်းစိန်

Read More...

ကန်စွန်းခင်းလေး မာပါစေ

*****************






ကြက်သား ဝက်သား
ဈေးကများ သနဲ့
မစားချင်နဲ့ ရှင်မရေ---။

ကြက်ငှက် တုပ်ကွေး
ဝက်တုပ် ကွေးတဲ့
သေးသေးရောဂါ မဟုတ်ဖူးနော---။

ဟော-----

အိမ်နောက်ဖေး က
ကန်စွန်းခင်း လေး
ပြေးကြည့် ဦးမှ---။

ဥုံ----ဖွ---

ကန်စွန်း တုပ်ကွေး
ဝေး ပါစေ--ရှောင်ပါစေ---။

သန်းစိန်

Read More...

ဘလော့ဂါ (စည်တော်သံ)

*****************

မြန်ပြည်ကြီး စည်စေ သောဝ်
ရည်မျှော်ကာ မှန်းကာ ဆပါလို့
ဘလော့ဂါ ရယ်တဲ့ပို့စ် အသစ်ရှာ
စာကဗျာ ယဉ်တာ တွေးလို့ရယ် ရေးစပ်ကြမှာ
စဉ်အလာ မယှဉ်သာတဲ့ စာသွား
ဒို့ပြည်ထောင် ညီနောင်များတို့ရယ်
ညီကြစေသား----။

လွတ်လပ်စွာ တွေးကာရေးကြပါခင်မျာ့
ရှေးရှေးက နမူနာ
ဘယ်မျက်နှာ ဘာကိုမှ မလိုက်ကြပါနဲ့
ရေးထိုက်တာကိုတော့ ရေးရမှာ
ဒို့ခေတ်သစ် မီဒီယာ ညီညာကြ ဒီအရေး
ပြည်တော်မှာ စည်တော်တေးတွေနဲ့
ငြိမ်းအေးစေ့လေး---။ ။

သန်းစိန်

Read More...

ချစ်၍ခေါ်ရာ

*******

လူသတ်ကောင် မိုင်းကွင်း
မြေမြှုပ်မိုင်း ရှင်းမယ်လို့
လိုက်ခဲ့ပါ့ လှယမင်း---။

သူ့ဆံကျင် ကျွဲဂျိုဝှေ့ သလိုပ
ခေါင်းခါ၍ ငြင်း---။ ။

သန်းစိန်

Read More...

ချစ်သူချော့ တေး

***********







မောင့်ချစ်သူ ဖြူဖြူနွဲ့ရယ်က
အငိုနဲ့ မျက်ရည်လွယ်
နွေအလယ် ပူသတဲ့ အိုက်တယ်---။

ကမ္ဘာတောင် သူ့မအေးရှာဘူ့
ပူနွေးသတဲ့ အချစ်ရယ်
စိတ်ဖြေကွယ့်--နော်---။

ဖြေနှိုင်ဘူး မောင်
ပူပူုလောင် ဒီလောက်အိုက်လေတော့
နေထိုက်ဖူး သေချင်တာ
ဘယ်လိုရှင် ဘယ့်နှာ နေရမှာလဲ--တဲ့
သိပ် ချွဲတယ် ထင်---။

ငိုပါနဲ့ ချစ်သူခင်ရယ်
ဂျင်းပင်တို ရှိုကာ ထားလျှင်ဖြင့်
လေအဝင် တင်ပါအေးပေလိမ့်
တိတ်တော့ကွယ့် လေး---။

အို အိုး အို့ အေး---။ ။

သန်းစိန်

Read More...

စိမ်းနှမ အလိုကြ

**********

အလှ တစ်ရာ
မြပုဝါ လျှင်
တမင် ရှောင်တိမ်း
မကြင် စိမ်းကား
မောင့်သဲကြား တွင်
ပင်စိမ်းပင်တွေ စိုက်လေ၍---။

မောင်သဲလွလွ
တူးဆွမြေတောင် မြှောက်ပါ၏---။

မောင့်မျက်ရည်စ
သွန်းချ မိုးရေစွေပါ၏---။

မောင့်စိမ်းနှမ အလိုကြပေါ့
စိမ်းသမျှ အစိမ်း
စိမ်းတက စိမ်းတဲ့
ဂွေးတောက်လို စိမ်းစေဗျား---။

သန်းစိန်

Read More...

ခေတ်သစ် ဒဿဂီရိ

*************

ရာမဇာတ် ဖတ်ကြည့်တော့
ဒဿဂီရိ
ခေါင်းဆယ်လုံး အတိ---။

ယုတ်ရင်း ကြမ်းတမ်း
အမြဲတမ်း ခက်ထန်
အကျည်းတန် ၏---။

(ငမြတ်စံ)တွေ့ကြုံ ဆုံဖူးသည်က
ချောမော လှပ နှုတ်ချို မြနှင့်
ယဉ်စ အနေ ညင်သာပေ၏
မာယာ အပြည့်---။

မျက်နှာ တစ်ရာ ခေါင်းတစ်ရာလည်း ရှိ
မိန်းမ ဒဿဂီရိ---။ ။

သန်းစိန်

Read More...

နှစ်သစ်ကို ကြိုဆိုခြင်း

******************

တနှစ်လုံးက အညစ်အကြေး
အတာရေနှင့် ဆေးပြီးပြီ---။

အဟောင်း အဆွေးတွေလည်း
မြောင်းဘေးမှာ ထားခဲ့ပြီ---။

ကွဲနေတဲ့ အသဲ
ပုလင်းထဲ စိမ်ပြီးပြီ---။

နှစ်ဆန်းရက်
ဥပုသ်လည်း ထွက်လိုက်ပြီ---။

နှစ်ဟောင်းကို စိတ်မှာမပျောက်ပေမယ့်
နှစ်သစ်ကိုဆက်ခါ လျှောက်တော့မှာမှို့
ခွက်မြှောက်ကာ ကြိုဆိုလိုက်ပါတယ် ခင်များ
(နှစ်သစ်ရေ)
ချီးယား ပါဗျို့---။ ။

သန်းစိန်

Read More...

သိကြားမင်းလည်း တဒုက္ခ

********************







နေပြည်တော် သိကြားဆင်းတော့
ခွေးခြင်းက ဟောင်
ဟောင်ပေမှာပေါ့ သိကြားဆွေ
ခွေးသားရေ သင်သုံးလို့
ခွေးပြုန်းပြီ လေ----။

ဗိုလ်ချုပ်တွေ စာရင်းကောက်
ပုရပိုဒ် မလောက်နှိုင်လို့
တိုင်ချင်ရာ တိုင်
သိကြားကိုယ်တိုင် ချိုးကာဖေါက်တယ်လေး
ခွေး အခွင့်အရေး---။

သန်းစိန်

Read More...

မကောက်ရဲတဲ့ ပိတောက်

****************

သင်္ကြန်မှာ လမ်းထွက်လျှောက်
ပိတောက်ကို တွေ့၏
နွမ်းရိရိ ခပ်ကြေကြေ
ပန်တော်ကျ နေမှာပေါ့---။

ရိချင်ရိ ကြေချင်ကြေ
အလွမ်းပြေ သည်ပိတောက်
ခြောက်ချင်လည်း ခြောက်စေတော့---။

ကောက်သိမ်းမည် စိတ်မှာတွက်---။
(1)-----------------
(2)---------------
(3)-------------
(4)-----------
(5)---------







သြော်---အေအိုင်ဒီအက်စ်။ ။

သန်းစိန်

Read More...

ရေပက်သူ လှပျိုဖြူများနှင့် တွေ့ဆုံခြင်းး

**************************

ဥပုသ်သယ် လိုလိုနဲ့ (သည်)

ပုတီးကို အယောင်ပြသော်လည်း

"တကယ့်ကို ဥပုသ်ရသလားရယ်လို့"

ပါးနားကပ် မေးကြတယ်

"ရတယ်ကွယ့် ရတယ်"

(ပါးစပ်ဟတာနဲ့ အနံ့ရတယ် ထင်ပါရဲ့)

လိမ်မိတယ် နောက်တပြစ် ဟာမှို့

နစ်နေအောင် ခေါင်းကလောင်းပါလို့

အိုးမဲပါ ဆွဲကာသွားကြတယ်

(ငမြတ်စံရယ်)

သောက်ရှက်တကွဲ---။ ။

သန်းစိန်

Read More...

အိုဘယ့် ချစ်သူ

**********









ကိုယ်---
ဆေးရုံတက်ခိုက်---။

မင်း---
လက်ထပ်လိုက်တယ်နော်---။

--------------
--------------
နှစ်အတန်ကြာသော်---။

မင့်မျက်နှာ ခြေနဲ့ကြောက်
ရှူးရှူးပေါက်သေး
ဘာ့ကြောင့် ချိုချိုကျွေး
ငါ့ကို မွှေးနေသေးလဲ---။

ကဲ--ကိုယ်က လူဝင်စားလေး။ ။

သန်းစိန်

Read More...

စုဆောင်းမိသမျှ

**********
လောဘ
ဒေါသ
မောဟ ဆိုတဲ့
အတ္တ ဥာဉ်ဆိုး

ငါ့သား
-မြေး
-မြစ်
-တီ
---တွတ်
ထွဋ်မြတ် ပြုစေ
အမွေ တခု
ငါစု ထားတယ် ။

---စိန်
---ရွှေ
---ငွေ
---မြေ မဟုတ် ။

တိုက်တာ ပတ္တမြား
စပါး
ကားလည်း မဟုတ် ။

ကဲ--ရော့--ယူလေ








အမွေ အနှစ်
တိုင်းပြည် ချစ်စိတ် ။ ။

သန်းစိန်
ပန်းစကားမဂ္ဂဇင်း-အမှတ်(၂ဝ)

Read More...

လက်ဆောင်

*******

ချိုချို အေးပါလို့
ဆိုတေး အသံသာဘို့
ထံတျာ ကဗျာရေးကာမှ
ငိုကြွေး အသံပါသည်ထင့်
ဆွေးချင့် သဖွယ်---။

အခြေ မကောင်းသော်ကြောင့်
ရွှေ့ပြောင်း ကာရံရှာလည်း
မဖန်သာ ခါမဟုတ်ပြီမှို့
ခွါဆုတ်ကာ သည်အရေးကို
ဝေးနေမှ တော်မယ်---။

တစ်ဘဝလုံးသာပါ့ မေရယ်
အလှဆုံးကို တမင်ရှာပါလျက်
မကြင်နာ ဘယ်အတွက်ကယ်ကြောင့်
သွေပျက်ဖို့ ကြံရွယ်
ပျက်ပျယ်ခဲ့ ဘယ်ဝ​​​​ဋ်ကြွေး---။

လှသက်ဆွေရယ်
ကျမျက်ရေ ဖြိုင်ဖြိုင်ဝေလို့
ကံခေသူ မဆိုမပြောပေမယ့်
ဖိုမောအောင် လက်ဆောင်တေးကို
ရေးဖွဲ့လို့ ပေး---။ ။

သန်းစိန်

Read More...

သင်္ကြန်ရာသီ

********

လေတွေလာလို့ မိုသံဟိန်း
ဂျိုးဂျို ဂျိန်းဂျိန်း---။

ဟိန်းသလောက်လည်း မသဲပါ (သည်း)
ဖြိုးဖြိုး ဖြောက်ဖြောက်ရွာ---။

သင်္ကြန်ခါမှို့ ပလ္လင်ဆေး
ကြည်ကြည် အေးအေး---။

မိုးရေအေးလို့ ငုပန်းဖြာ
ဝင်းဝင်း ထိန်ထိန်ဝါ---။

ဥသြညိုပြာ တေးသံကြူး
ရွှင်ရွှင် မြူးမြူး---။

ထူးထူး မြတ်မြတ် သည်အတာ
နွှဲကြ ပျော်ရွှင်စွာ---။

ရွာဦးကျောင်းက စေတီမှာ
ဆည်းလည်းသံ သာသာ---။

နံ့သာရေနဲ့သပ္ပါယ်လောင်း
နှစ်သစ်မာ စေကြောင်း---။ ။

(နန်းခမ်းဘိုလေး ဆိုဖို့)

သန်းစိန်

Read More...

ပြဿဒါး

*********










တွေ့ရတာ ခဏလေးပေမယ့်
ည တရေးမှ မပျော်---။

အပြော ခက်လေတော့
နှမြောရက်ကယ်နဲ့ ငိုချင်သလို
ဟို အရင်လိုမှ မဟုတ်ပါပဲ
ခွဲကြစို့ နော်---တဲ့---။

စွဲချစ်သူမှာ
သဲနစ်အောင် အပူဖြာရဲ့
နုံလေတယ်ဟဲ့ ငါ့ကံပဲ---။

မေတ္တာ အကုန်
သူ့ထံမှာ ချစ်သဒ္ဒါတွေ ပုံလို့
စိတ်အာရုံ စွဲ---။

ခုခါမှာ စေတနာ ဝေဒနာ ဖြစ်ခြေပေါ့
ခွေကာရစ်လာတဲ့ သံယောဇဉ်
သည်အမျှင် ဘယ်လိုဖြတ်ရပါ့
ရူးမတတ် ချာချာလည်
မကြည်မသာနဲ့ စိတ်ထွေပြား
ဒီနေ့ဟာဖြင့် ကိုယ့်အတွက် ပြဿဒါး---။

မေတ္တာငယ်ခြုံ လုံမယ်လို့ထင်စား
တံတိုင်းတွေ ကာရံထားပြီပါ့
ဂုဏ်တွေ ဓနတွေက ခြားပြန်တော့
ကဗျာသမားမှာကွယ်
ကာရံသာ ကြွယ်တာကလားရယ်လို့
မာန်လျှော့ကာ ဟန်ဆောင်ထိန်းရတယ်
အချစ်ရေ မင်းတကယ်
စိမ်း စိမ်း စိမ်းတော့မှာလား---။ ။

မှတ်ချက်။ ။(ငမြတ်စံ ငယ်စဉ်က အကြောင်း အပြန်ပြောင်းလို့သတိရ
အရူးထပြီး ရေးချသည့်စာ ကဗျာမဟုတ်)

သန်းစိန်

Read More...

ဖြစ်မှဖြစ်ရလေ

*********

လမ်းတလျှောက်
ပန်းပိတောက်တွေက
လျှမ်းတောက်လို့ ထိန်ထိန်ဝါ---။

ရက်မြတ်ကယ်သည် ချိန်ခါ
လှကညာ တစ်ယောက်
ပိတောက်တွေ ပွေ့
ကိုယ့်လာတွေ့တော့
ပျော်မွေ့စရာ---။

မိုက်ပါဘိ မြတ်စံရာ
ပိတောက်တွေပွေ့
ဘယ်သူက မင့်လာတွေ့မှာလဲ---။

သည်ကဗျာ မဟုတ်တရုတ်
ဖြဲလို့သာဆုပ်----။ ။
-

စာကြွင်း။ ။(ငမြတ်စံ သင့်ထံ ပန်းတွေပွေ.၍ လာတွေ့မည့်သူသည် နတ္ထိ-မရှိ ။
သေမင်းကသာ သင့်ကိုတွေ့ရန်ရှိ၏ ဂဏှာဟိ-မှတ်လေလော့)

သန်းစိန်

Read More...

ဘုရားခန်းထဲက အမေ

**************

ဟို-ခင်တန်း
ပိတောက်ပန်း ပွင့်ပြီကွဲ့---။

သားရေ--သွားသွား--
ဘုရားပန်း ထိုးဘို့
ပန်းတစ်အိုးစာ ချိုးခဲ့---။

ပိတောက်ရဲ့ ဝါဝါ
ဗုဒ္စမြတ်စွာ ရှေ့---။

ဆိပ်ငြိမ်စွာ အမေ့ကိုတွေ့တော့
စိတ်အေး ချမ်းမြေ့---။ ။

(တမလွန်မှ မိခင်သို့ ကန်တော့ပန်း)

သန်းစိန်

Read More...

ထန်းရည်ဝိုင်း

************











ယောက်ဖရေ
ဒီညနေ
ထန်းရေတမြူနဲ့ (ရည်)
ပဲကြီးလှော်ယူခဲ့----။

လသာသာ
ငါ့အိမ်မှာ ဝိုင်းဖွဲ့ရအောင်
ဟိုကောင်တွေပါ ခေါ်ခဲ့---။

ဆေးပေါ့လိပ်နဲ့ ပဲကြီးလှော်
အမြည်းက ဒါဆို တော်ရောပေါ့---။

ကော့လန်လန် အုန်းမှုတ်ခွက်နဲ့
တယောက်တလှည့် ငှဲ့မော့ကြမယ်လေ---။

ပြီးတော့ စာအကြောင်း
ကဗျာအကြောင်း
အားကောင်း မောင်းသန်ငြင်းကြတယ်---။

နောက်တခါ
ရွာအကြောင်း ရပ်အကြောင်း---
သာမှု့နာမှု့ ဘယ်လိုပြုကြမယ်---
မိုးယိုနေတဲ့ စာသင်ကျောင်း ဘယ်လိုပြင်ရင် ကောင်းမယ်----(လျှင်)
လုပ်အားပေးက ဘယ်နှစ်ရက် ကျန်သေးတယ်---
ပေါ်တာကြေးကို ဘယ်လို ပေးကြမယ်---
ဘယ်သူ့ကလေး စစ်သားစုဆောင်းရေးမှာ ပါသွားတယ် ----
ရွာထဲရပ်ထဲ စကပ်ကွဲနဲ့ မိရွှေသဲတို့ ကဲကြတာလည်း ပါသပ---
ကျုပ်တို့က ကာလသားတွေကိုးဗျ---။

နောက်ပိုင်းကြ
ရွာထဲက အနေရိုးတွေ အကြောင်း---
-------------------------
------------------------
------------------------။

အရှိန်လေး ရလာတော့---
ဗိုလ်ကြအုပ်စိုး ဆိုးနေတဲ့ မအေ-ိုးတွေ အကြောင်း---
ဗျောင်းဆန်အောင်ဆဲကြ---ဆိုကြ
တော်တော်လေး မူးကြပြီ---။

---------အကြောင်း
---------အကြောင်း
---------အကြောင်း

ဇာတ်ပေါင်းတော့
ယောက်ဖက ခေတ်မကောင်းလို့---တဲ့
ဟိုတကောင်က စနစ်မကောင်းလို့---တဲ့
အားလုံး သဘောတူတာက
ခေတ်ရော စနစ်ရော ပြောင်းရမတဲ့ဗျာ---။

ကဲကဲ--လက်ကျန်ငှဲ့လကွာ---
နောက်ရက်မှာ ဒီကောင်အိမ်
ဟိုနောက်ရက်မှာ ဟိုကောင်အိမ်
ဒို့အချိန်မှန် ဆုံကြမယ်လေ
နှုတ်ရေ တပြင်တည်းပေါ့ကွာ---။ ။

သန်းစိန်

Read More...

နှိပ်စက်တဲ့နွေ

*************









ခါနွေဦး
ညောင်းရွက်တွေ ညှာမြေလူးချိန်မှို့
လာလေရူးငယ်က တသုန်သုန်---

ပိတောက်ငုံ ပုရစ်ဖူးတွေက
နှစ်ဦးကိုကြိုသည့်ပုံ---

ဖေါ်မစုံ ငိုမြည်ကြွေးရှာတဲ့
ဥသြလေးရဲ့တေးသံစုံ
ဆွေးဖို့သာ ကြုံပါရော---

ငမြတ်စံ တကိုယ်တည်းမှာ
ပိုပြီးသာ ရင်မော-----။ ။

သန်းစိန်

Read More...

လွဲနေသောရေစီးကြောင်း

***************

ကလေးက တငိုငို
ကျောင်းဝင်ကြေး ငွေလိုလို့
မျက်ရည်တွေ စိုရွှဲ
စုဘူးကလည်း ပြည့်နိုင်ခဲတယ်---။


ဖေဖေကြီးမှာတော့
ဘီယာတွေ တစ်လုံးပြီးတစ်လုံး ဖေါက်
တစ်လုံးပြီးတစ်လုံး သောက်
နေညိုချိန်ရောက်လို့
မှောက် သွားတဲ့ခါ---။


ကလေးခမျာ
ပုလင်းခွန် တစ်လုံးပြီးတစ်လုံး ကောက်
ဈေးပေါက်ဝ သွားရောင်း
ပြန်လာတော့ လက်ဆယ်ချောင်းထောင်ပြ
ငွေတစ်ဆယ်ရလို့ ပြုံးရွှင်ပျော်
ဖေဖေကြီး များများသောက်နော်---တဲ့
ဖေဖေကြီး များများဆက် သောက်။ ။

သန်းစိန်

Read More...

လွမ်းရိပ် တဝေဝေ

************











အညာနွေ
ပူလေသည့် ဖြစ်ခြင်း---။


ထနောင်းပင် ခြေရင်း
ငှက်ပျောဖက် စိုစိုခင်း
အိပ်စက်ခြင်း အရသာ
အဲယားကွန်း ဆိုတာမလို---။


ရိုးပြတ် တောက
ဖြတ်လာတဲ့ လေညှင်း
ကာပွန်နံ့ကင်း
ကောက်နံ့သင်းသကို---။


ရွာရဲ့အရှေ့
ချောင်းအကွေ့က လက်ယက်တွင်း
ပျိုမေတစ်သင်း ရေခပ်ဆင်း
ကျေးလက် ရေသန့်တွင်း---။


ရွာအနောက်က ထန်းပင်ကောက်
ကိုကြီးကျော် လာလာသောက်တဲ့
ဝါးဘူးပေါက်နဲ့ ခံတဲ့ထန်းရေ (ရည်)
ပုစွန်ဆိတ်ခုံမှို့ ရီဝေဝေ
စကိုင်း ဘီယာ တွေပေါ့---။


ဖိုးခွေးရေ အိမ်ပြန်ခဲ့လို့
မိအေးရဲ့ အော်ခေါ်သံ
လော်စပီကာလောက် ဆူညံပေမယ့်
မော်တော်ကား ဝှန်းသံထက်
နားဝင်ပီယံ ဖြစ်ရတယ်---။


မွေးရပ်မြေ
လွမ်းရိပ် တဝေဝေနဲ့
ပြန်ချင်တယ် စိတ်ကစော
မောလှပြီလေး---။ ။

သန်းစိန်

Read More...

မှာတမ်း

*****














မိန်းမရေ---
ငါ--သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ကြာကြာ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ -မုန်းလွန်းလို့---♥

ကဲ--မသွားခင် စပ်ကြား
ငါ--မှာထားမယ်
နားထောင်---♥

ရွာဦးကဆရာတော်ရဲ့ ဆုံးမစကား
မြေဝယ်မကြ နားဆင်
အိပ်ယာဝင် ဘုရားရှိခိုး
ကြားလား--
ညီးက ဘုရား တရား မေ့တတ်တယ်---♥

နေဝင်ဝင် မိုးချုပ်ချုပ်
ကောက်စိုက် ပျိုးနှုတ်
ဘယ်အလုပ်မှ မငြင်းနဲ့
ထမင်းတလုပ်တော့
ထင်းခုတ်တောင် စားရမှာပါ--အေ---♥

ညိ သမီးနဲ့သား
ကျောင်း မထားနိုင်ရင်
စာအုပ်စဉ်ကို ညွှန်ပြ
မင့်အဖေ ကျောင်းကွ လို့ပြော
စာဖတ်ကြပစေ
ပညာတွေ ပေါမှပေါ---♥

ငါ မရှိခိုက်
ဗိုင်းကောင်း ကျောက်ဖိ
ပိပိ ရိရိနေ
မိန်းမတို့ က္ကနြေ္ဒ
ရွှေပေးလို့ မရ--တဲ့
မှတ်ထား---♥

ဒီမိုကရေစီ ရတော့
ငါ ပြန်လာမှာပေါ့
အသက်တော့ ပါချင်မှ ပါမယ်ဟေ့---♥

သွားတော့မယ်အေ
ဒီတိုင်းပြေ (ပြည်)
ငါ မနေဘူး
အာဏာရူးတဲ့
စစ်ဘီလူးတွေ မုန်းလွန်းလို့---♥

ကဲ---ကဲ---
မျက်ရည်လေး တစမ်းစမ်းနဲ့
ငါ့ကို မှန်းမှန်းပြီး
လွမ်းလွမ်း မနေနဲ့
မချစ်လို့တော့ ဟုတ်ဖူးနော်---♥ ♥

သန်းစိန်
လွန်ခဲ့သော(၁၉)နှစ်တာ ကာလများဆီသို့---

Read More...

တျာချင်း

*******

မိုးသောက်ကာလ အိပ်ယာထလျှင်
စောစောစီးစီး ဇနီးက အပြစ်တင်
ရုံးသွားဖို့ပြင် ကိုယ်တွင်အဝတ်
ကချင်လုံချည် ဖျင်ပင်နီ--
အင်္ကျီတိုက်ပုံ ခပ်ညစ်ညစ်ကယ်နှင့်လေး---။


လကုန်ရက်ခါ ကားခရယ်မပါ
ခြေလျှင်သာ ကိုယ်ထည်းလျှောက်လို့လာ
ဆေပေါ့လိပ်ဖွာ စိတ်မှာတွေးရင်း
လယ်ကွင်းကိုကျော်လျှင် ရုံးကိုဝင်
ကိုယ်တွင် ချွေးစွတ်စွတ်ကယ်နှင့်လေး---။


ထမင်းထုပ်ငယ် လွယ်အိပ်ဝယ်
ခဲတံမှင်ချောင်း သောင်းပြောင်းရော၍သာလွယ်
အပေါင်ဘောင်ချာ တဖြာကြွေးစာရင်း
အသင်းဝင်ကြေး ပေးရန်တဖုံ အလုံးစုံ
အကုန်သာ ရော၍ပြွမ်းသည်နှင့်လေး---။


ဆူလည်းဆူလွန်း မေးခွန်းများစွာ
ဆဲကာကြိမ်းမောင်း သောင်းပြောင်းထွေလာ
အိမ်သို့ရောက်ခါ မောင်းကာနှင်ထုတ်
ကြွေးကထူထူ နားကပူ
ငြီးငြူစူပုပ် ငရုပ်ကျည်ပွေ့ငယ်နှင့်လေး---။


အလုပ်ကယ်ပြန်လာ ငွေတရာသာ ကျန်တော့သည်။
အဟုတ်ငယ်မဖန်သာ အမေ့ရွာမှာပြန်တော့မည်။

သန်းစိန်

Read More...